စာရေးတာချင်းအတူတူ Copywriting နဲ့ Content Writing ဘာများကွာသလဲလို့ မေးခဲ့ဖူးတယ်ဆိုရင် ဒီစာက သင့်အတွက် ဖြစ်သွားပါပြီ။
တည့်ပြောရရင် Copywirting နဲ့ Content Writing က ရေးတဲ့ ရည်ရွယ်ချက်ပေါ်လိုက်ပြီး ကွာခြားသွားတာပါ။
Copywriting
Copywriting ဟာ ကိုယ့်ပစ္စည်း Brand ရဲ့ ပုံရိပ်ကို ရောင်းချတာ ဖြစ်ပါတယ်။ Copywriter တစ်ယောက်ရဲ့ အလုပ်ဟာ စီးပွားရေးနဲ့ ဈေးကွက်ကို ပစ်မှတ်ထားပြီး ကြော်ငြာအသားပေးစာတွေ ရေးတာလို့ ပြောလို့ ရပါတယ်။ Copywriting အလုပ်ဟာ Marketing နဲ့ တိုက်ရိုက်ချိတ်ဆက်မှု ရှိပါတယ်။
ကိုယ့်ထုတ်ကုန်တွေ ဈေးကွက်မှာ ရောင်းအားမြှင့်တင်ဖို့ Print Ads တွေ ရေးတာ ၊ ကက်တလောက်နဲ့ TV / ရေဒီယိုဈေးကွက်ကြော်ငြာအတွက် ဇာတ်ညွှန်းရေးတာ ၊ ဈေးကွက်မြှင့်တင်ရေးကမ်ပိန်းတွေ လုပ်တာ ၊ Billboard တွေ ထုတ်တာနဲ့ သတင်းထုတ်ပြန်ချက်ရေးတာ အားလုံးဟာ Copywriting မှာ အကျုံးဝင်ပါတယ်။
Copywriter တစ်ယောက်ဟာ အချက်အလက်ပြည့်စုံမှုကို ဦးစားပေးပါတယ်။ ဖောက်သည်တွေ ဆက်သွယ်နိုင်အောင် လမ်းကြောင်းတွေ ဖွင့်လှစ်ပေးပါတယ်။ ကိုယ့်ထုတ်ကုန်ရဲ့ အားသာချက်ကို မြင်သာအောင် ပြပါတယ်။ ကိုယ့် Brand ကို လူသိအောင် လုပ်ပါတယ်။ Client တစ်ယောက်ရဲ့ မျက်လုံးထဲမှာ ကိုယ့် Brand ကို မြင်နေဖို့ ၊ လူတွေရဲ့ ပါးစပ်ထဲမှာ ကိုယ့်ထုတ်ကုန်နာမည်ကျန်နေဖို့ အားထုတ်ပါတယ်။
Content Writing
Content Writing မှာလည်း ရောင်းကုန်အကြောင်း ပြောတော့ ပြောပါတယ်။ မတူတာက စာဖတ်သူကို သတင်းအချက်အလက်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဆက်စပ်အကြောင်းအရာတွေကို ဖန်တီးထုတ်လုပ်တာပါ။ Content Writer တစ်ယောက် ရေးထုတ်လိုက်တဲ့ Content တွေဟာ တစ်ခါတစ်လေမှာ Products အကြောင်း မပြောဘဲနဲ့ Client နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်တတ်ပါတယ်။
ဒီအတွက် လိုအပ်ရင် လိုအပ်သလို ဖန်တီးမှုတွေ လုပ်ပါတယ်။ ဖောက်ထွက်အရေးအသားတွေ ထုတ်လုပ်ပါတယ်။ လှုံ့ဆော်နှိုးဆွတဲ့ စာတွေနဲ့ ဇာတ်လမ်းတွေ ခင်းကျင်းပါတယ်။ Content Writer ကောင်းတစ်ယောက်ဟာ အပြောအဟောကောင်းတဲ့ Speaker ကောင်းတစ်ယောက် ၊ ဇာတ်ကြောင်းပြန်ပြောနေတဲ့ Narrator ကောင်းတစ်ယောက်လည်း ဖြစ်သွားတတ်ပါတယ်။
ဒီနည်းနဲ့ စာဖတ်သူဟာ Content Writer ရေးသား ထုတ်လုပ်လိုက်တဲ့ အကြောင်းအရာတွေနဲ့ မိတ်ဆွေဖြစ်လာပြီး သူ့ရဲ့ ထုတ်လုပ်မှုအပေါ် ယုံကြည် ကိုးစားလာပါတယ်။ ဒါဟာ ဖောက်သည်နဲ့ ကိုယ့်ထုတ်ကုန်အကြား ကောင်းမွန်တိုးတက်တဲ့ ဆက်ဆံရေး တည်ဆောက်လိုက်တာ ဖြစ်ပါတယ်။
ဆိုကြပါစို့။
ဥပမာတစ်ခု ပြောပြချင်ပါတယ်။ Asahi ထီးသစ်တစ်လက်အကြောင်းကို Copywriter တစ်ယောက်က အခုလို ရေးပါလိမ့်မယ်။
“အခုလို မိုးရာသီမှာ အငြိုးမပြေတဲ့ မိုးရေတွေကနေ သင့်ကို ကာကွယ်ပေးမယ့် ထီးတစ်လက်တော့ ဆောင်ထားဖို့ လိုမှာပါ။ ထီးချစ်သူ ထီးပရိတ်သတ်ကြီးအတွက် Asahi ဟာ နောက်ဆုံးပေါ် ထီးဒီဇိုင်းသစ်တစ်မျိုးကို မိတ်ဆက်ထားပါတယ်။ ‘မဟာဆန်သူ’ဗားရှင်းအဖြစ် ထွက်လာတဲ့ Asahi 4 Step ထီးလေးဟာ ဒီဇိုင်းသားနားပြီး အန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ပေးမယ့် UV ပါဝင်လို့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ထီးတစ်လက်ဖြစ်ကြောင်း အာမခံပါရစေ။
ထီးရွက်အသားကိုလည်း အကောင်းဆုံးနဲ့ အကြမ်းခံမှုအမြင့်ဆုံး Polyester သားဖြစ်တဲ့ Pongee အမျိုးအစား သုံးထားတာကြောင့် မိုးရေအခြောက်မြန်ပြီး ခေါက်သိမ်းရလည်း အလွန်လွယ်ကူမှာပါ။ ထီးလက်ကိုင်ဟာ အကျစ်လျစ်ဆုံးနဲ့ ကိုင်ဆောင်ဖို့ သက်တောင့်သက်သာ အရှိဆုံး ရော်ဘာသားကို သုံးထားပါတယ်။ အနည်းဆုံး ၅နှစ်ကနေ ၈ နှစ် အသုံးခံဖို့ တာဝန်ယူပါရစေ။
ဈေးနှုန်း ၈၀၀၀ ကျပ်ဖြစ်ပြီး အမြို့မြို့အနယ်နယ်မှ ဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပါပြီ။ ဆက်သွယ်ရန် ဖုန်း ၀၉xxxxxxxxx”
ဒါဆိုရင် ထီးအကြောင်းအချက်အလက် ၊ အားသာချက်တွေနဲ့ ဝယ်ယူနိုင်မယ့် နေရာတွေပါ တွေ့ရမှာပါ။
Content Writer တစ်ယောက်ကတော့ ထီးအကြောင်းကို သူ့အမြင်နဲ့သူ လွတ်လွတ်လပ်လပ် ဖန်တီးပါလိမ့်မယ်။ ရေးတဲ့ပုံစံတွေလည်း အမျိုးစုံနိုင်ပါတယ်။ ကျွန်တော်တစ်ခုလောက် စမ်းရေးပြပါမယ်။
“အခုလို မိုးရက်တွေမှာ ကျွန်တော်ဟာ ထီးတစ်လက်နဲ့ ကောင်မလေးတစ်ယောက်ကို သတိရနေပါတယ်။ ရုံးအဆင်း ကျွန်တော်လက်ဖက်ရည်သောက်ဖို့ ရောက်တတ်တဲ့ လှည်းတန်းတစ်ဝိုက်မှာ အနီရောင်ထီးဆောင်းထားတဲ့ ကောင်မလေးကို သတိထားမိရာကနေ သတိရနေတာ ဖြစ်ပါတယ်။
သူမကိုင်ထားတဲ့ ထီးဟာ Asahi နောက်ဆုံးထွက် မိန်းမဆောင်းထီးတစ်လက်ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ လူတွေအကြားမှာ ကွဲပြားနေတဲ့ ကာလာကြောင့် သတိထားမိတာ ဖြစ်ပါတယ်။ တစ်ခါက ကံအားလျော်စွာ သူမနဲ့အတူ ကားမှတ်တိုင်မှာ ဆုံဖြစ်ပြီး လူနဲ့အတူ ထီးကိုပါ ဂရုပြုမိတာပါ။
ထီးအရွက်သားဟာ မြင်နေကျ ထီးရွက်တွေနဲ့မတူ တင်းတင်းပြန့်ပြန့်နဲ့ သပ်သပ်ရပ်ရပ် ။ အတွင်းဘက်မှာ ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးမယ့် UV နဲ့ လာပြီး ရှစ်ကိုင်းပါ ထီးရိုးတွေက မြင်ရုံနဲ့ ရေရှည်အသုံးခံမယ့် Quality ဆိုတာ သိသာနေသည်။ ထီးအရောင် အနီရဲရဲက သူမရဲ့ပါးမို့မို့ကိုပါ ချယ်ရီသီးရောင်ပြေးအောင် ဖေးကူနေပေါ့။
သူမရဲ့ နာမည်ကို မသိပါ။ မှတ်ဉာဏ်ထဲ သတိရမိတာလည်း Asahi တံဆိပ် ခေါက်ထီးနီနီလေး။ ရုံးထဲက အသိအစ်မကို အဲ့ဒီဇိုင်းနဲ့ ထီးအကြောင်း တီးခေါက်ကြည့်တော့ Asahi 4 Step ထီးတဲ့ ။ ဈေးကွက်ထဲ ရောက်တာ မကြာသေးတဲ့ မော်ဒယ်ဆိုပဲ။ထူးဆန်းတာက အဲ့ထီးမှာ နာမည်ရှိတယ်ဗျ။ ဘာတဲ့။ “မဟာဆန်သူ”ဗားရှင်းတဲ့။ ဟုတ်မှာပါလေ။ သူမနဲ့ အလိုက်ဆုံးပါပဲ။ သူမရဲ့ နာမည်ကို မသိပေမယ့် ၊ သူမနဲ့ ပြန်မဆုံမိတော့ပေမယ့် ထီးနီနီတွေ့တိုင်း သူမလား။ Asahi 4 Step လေးလား။ မော့မော့ကြည့်မိတယ်။
ကျွန်တော်ဟာ လက်ဖက်ရည်ဆိုင်မှာ မိုးခိုရင်း ပြီးခဲ့တဲ့ မိုးနှစ် နှစ်ခုအကြောင်း ပြန်လွမ်းနေတာပါ။ အခုလို မိုးရက်တွေမှာ တစ်ခါက ကြုံဖူးတဲ့ Asahi ထီးနီလေးနဲ့ မိန်းကလေးကို တကယ်ပဲ သတိရနေပါတယ်။“
ကဲ ဒါကတော့ Free Tone ထားပြီး ရေးတဲ့ Content Writer ပါ။ သတိထားကြည့်မယ်ဆိုရင် ထီးအကြောင်းကို စာဖတ်ပရိတ်သတ်ဆီ တစ်နည်းနည်းနဲ့ စိမ့်ဝင်အောင် ထည့်ပေးနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါမျိုး ရသအဖွဲ့မသုံးလည်း ရေးလို့ရပါတယ်။ နည်းနည်း ကြော်ငြာဘက်ကို ဇောင်းပေးရေးတာမျိုးပေါ့။ ကြော်ငြာကို ပစ်မှတ်ထားပြီး ရောင်းကုန်အချက်အလက်နဲ့အတူ ပရိတ်သတ်စိတ်ကို ဖမ်းစားထားတဲ့ Content ရေးနည်းကတော့ အခုနောက်ပိုင်းမှာ အတွေ့ရအများဆုံး ရေးတဲ့ Content Writing အမျိုးအစား ဖြစ်ပါတယ်။
ပြောပါရစေ
စာရေးခြင်းကတော့ ကိုယ့်အသံ ၊ ကိုယ့်အတွေ့အကြုံ ၊ အတတ်ပညာနဲ့ ဖန်တီးမှုကို အသုံးချတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေးတဲ့ပုံစံတွေ အများကြီး ကွဲပြားခြားနားပါတယ်။ တစ်ခုသတိထားရမှာက Content Writing ပဲ လုပ်လုပ် Copywriting ပဲ ရေးရေး ကိုယ့်ကုန်ပစ္စည်းရဲ့ Brand Value နဲ့ သွေဖည်မသွားဖို့ ၊ ကောင်းသတင်းကို အမြဲထိန်းဖို့ပါပဲ။ ဒီအကြောင်းတွေကိုတော့ နောက်ပိုင်းမှာ ပြောပြချင်ပါသေးတယ်။