Content Writing ရှုတောင့်၊ ပရိတ်သတ်ရှုတောင့်ကနေ ရုပ်ရှင်ကြည့်မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ဘယ်သူက သရုပ်ဆောင်ကောင်းတယ်၊ ဘယ်သူကတော့ လိုသေးတယ်။ ဘယ်သူကတော့ အကယ်ဒမီရသင့်ပြီး ဘယ်သူကတော့မရသင့်ဘူးဆိုတာလေး အလွယ်တကူ ခွဲခြားကြည့်ရအောင်ပါ။
ရုပ်ရှင်ဇာတ်ညွှန်းသမားတွေ (ဇာတ်ကားရဲ့ Content သမားတွေပေါ့လေ) ဟာ ဆိုက်ကားဆရာအကြောင်းကို ဇာတ်ညွှန်းရေးတယ်ဆိုပါစို့။ “ဆိုက်ကား ဆရာက ဆိုက်ကားကို ဟန်ပါပါနင်း၊ ချွေးဒီးဒီးကျတယ်၊ ခြေနင်းခုံပေါ်မှာ ခုံဖိနပ်ကလေးကသွက်သွက်ကလေးပြေးသွားတယ်၊ လမ်းတစ်လျှောက် ဟင်းရွက်သည်၊ အသီးသည်တွေကိုဖြတ် သွားတယ်” လို့ပဲရေးပါတယ်။ မြင်ကွင်းပေါ်အောင်၊ ရိုက်ညွှန်းခွဲလို့အဆင်ပြေအောင် ရေးရပါတယ်။ ချွေးဘယ်နှစ် စက်ကျပြီး ဆိုက်ကားဆရာရဲ့မျက်နှာအမူအရာမှာအပေါ်ဖက်ကိုပါးနှစ်ခါရွဲ့တယ်၊ မျက်လုံးကို ပြူးနိုင်သမျှပြူုးပြ ပြီး အံကိုလေးချက်ကြိတ်ထားတယ်ဆိုတာမျိုးမရေးကြပါဘူး။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်မယ့်သူကို လေးစားလို့ပါ။
သရုပ်ဆောင်မယ့်သူတွေဟာ ဆိုက်ကားဆရာဇာတ်ရုပ်ကို သရုပ်ဆောင်ရမယ်လို့သိထားလိုက်တာနဲ့ သူ့ပုံစံအဖြစ် ဆိုက်ကားသမားဘဝကို သွပ်သွင်းလိုက်ပါတယ်။ သရုပ်ဆောင်နိုင်းနိုင်းက ဆိုက်ကားသမားနိုင်းနိုင်း ပုံစံ သူ့ဟာသူဇာတ်ရုပ်အသက်သွင်းပါတယ်။ သရုပ်ဆောင်သက်မွန်မြင့်က ဈေးသည်မလေးသက်မွန်မြင့်အဖြစ် သူ့ကာရိုက်တာကို အသက်ဝင်အောင်သူ့ဟာသူလုပ်ပါတယ်။ ဒါဟာ အနုပညာပါပဲ။ ဘယ်ဒါရိုက်တာကမှ ဘယ်လိုလေးသရုပ်ဆောင်ရမယ်ဆိုတာမျိုး အတိအကျသင်ပေးတာမျိုးမရှိပါဘူး၊ ရှိရင်လည်း ဒါဟာ မိုသွင်းထားတဲ့အနုပညာမို့ အသက်မပါနိုင်ပါဘူး။
တချို့ ဝါရင့်သရုပ်ဆောင်တွေကိုယ်တိုင်မကွဲပြားနိုင်သေးတဲ့အချက် (၂) ချက်ရှိပါတယ်။
(၁) သရုပ်ပြတင်ဆက်ခြင်း (Performance)
မြန်မာရုပ်ရှင်ဟာ ဇာတ်သဘင်ကလာတာအားလုံးအသိပါ။ ဇာတ်သဘင်တွေမှာ မင်းသား၊ မင်းသမီး၊ လူပြက် တို့ဟာ သဏ္ဍာန်လုပ်၊ သရုပ်တူဖို့ Performance လုပ်ပြရပါတယ်။ ဉပမာအားဖြင့် အရူးတစ်ယောက်လို သရုပ် ဆောင်မယ်ဆိုပါစို့။ အရူးတစ်ယောက်ရဲ့ ပုံပေါ်အောင်နို့ဆီခွက်ဆွဲတာ၊ ယပ်တောင်ခေါင်းပေါင်းနောက်ကိုထိုးတာ၊ ပုဆိုးစလွယ်သိုင်း၊ သနပ်ခါးဘဲကြားလူး စသည်ဖြင့် ဇာတ်စင်ရဲ့ အနောက်ဆုံးနေရာအဝေးဆုံးနေရာကနေ ကြည့် လိုက်ရင်တောင် “အော် သူအရူးပါလား” လို့သိအောင် သရုပ်ဆောင်တင်ဆက်ကြရပါတယ်။ အပြင်က ရူးနှမ်းနေ သူတစ်ယောက်က အဲလောက်ထိ ဟန်ပျက်ချင်မှ ပျက်မှာပါ။ နောက်တစ်ခါ မင်းသမီးကလေးမွေးတယ်ဆိုပါစို့။ ကလေးမွေးမှန်းသိအောင် အမေရေ၊ အဘရေအော်ဟစ် ငိုယိုပြီး ဘေးနားကလက်သည်အဖြစ်သရုပ်ဆောင်သူ ကို လှမ်းဆွဲ၊ ညည်းပြ၊ ငိုချင်းချပြနဲ့ ရွှေပွဲလာပရိတ်သတ်အားလုံးက “အော်..သူ ကလေးမွေးနေတာပါလား” ဆိုတာကိုသိအောင် တင်ဆက်ကြရပါတယ်။ ဒါကို Perform လို့တာလို့ခေါ်ပါတယ်။ အလွယ်ပြောရရင် ဇာတ်သဘင်ပညာ သည်တွေဟာ ပရိတ်သတ်ကို တင်ဆက် (Perform) ကြရပါတယ်။ အပြင်မှာရှိတဲ့ လူတွေရဲ့ ပုံစံထက် ပိုပြီးဟန်လုပ်ပြကြရပါတယ်။ (အပြင်မှာ ရည်းစားပူမိရင် ကြိတ်ငိုကောင်းငိုနိုင်ပေမဲ့ ဇာတ်ထဲမှာ ရည်း စားပူမိတဲ့အခန်းဆို ခုနစ်သံချီ အော်ဟစ်မူရူးပြ၊ တလောကလုံးသိအောင်အော်ငိုပြ ကြရပါတယ်။)
(၂) ဇာတ်ကောင်အသက်သွင်းခြင်း (Characterization)
ရုပ်ရှင်ပညာမှာ Perform လုပ်ရတာမဟုတ်တော့ပါဘူး။ ဇာတ်ကောင်အသက်သွင်းခြင်း (Characterization) လုပ်ရတာဖြစ်ပါတယ်။ ပြေတီဦးက ပြေတီဦးမဟုတ်တော့ဘဲ သူဌေးသားကြီး ဦးရွှေအိုးဖြစ်သွားတာမျိုး၊ နေတိုးက နေတိုးမဟုတ်တော့ဘဲ တာတေကြီးဖြစ်သွားတာမျိုး နဂိုပုံစံပျောက် ပြီး ဇာတ်လမ်းရဲ့ ဇာတ်ရုပ်ထဲကို ပူးဝင်စေးကပ်သွားတာမျိုးပါ။ သရုပ်ဆောင်နေတာကို သရုပ်ဆောင်နေ တာမှန်းသိအောင် သရုပ်ဆောင်ပြနေတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းထဲက ဇာတ်ကောင်နဲ့ သရုပ်ဆောင် ဟာ တစ်ထပ်တည်းကျပြီး ရှိရင်းစွဲမင်းသား၊ မင်းသမီးပုံစံလုံးဝပျောက်ထွက်သွားတာမျိုး ကို ဆိုလိုပါတယ်။
လူတိုင်းဟာ သရုပ်ဆောင်ဖြစ်နိုင်ပါတယ်။ အခု စာဖတ်သူကို “ဂစ်တာသမား” အဖြစ်သရုပ်ဆောင်ခိုင်းမယ်ဆိုပါစို့။ စာဖတ်သူအနေနဲ့ ဂစ်တာသမားတစ်ယောက်ရဲ့ ပုံစံကို ကိုယ်တိုင်လေ့လာပြီး ကိုယ့်ပုံစံအဖြစ်ဖန်တီးသရုပ်ဆောင်ရတာဖြစ်ပါတယ်။ ပြင်ပလောကနဲ့ တစ်ထပ် တည်းကျတဲ့ ကိုယ့်ပုံစံကာရိုက်တာထွက်လာမှာပါ။ ရုပ်ရှင်မှာ ပိုပြီးသရုပ်ဆောင်ပြစရာမလိုသလို လျော့ပြီး သရုပ်ဆောင်ရင်လည်း လိုအပ်ချက်တွေကို အတိုင်းသားမြင်ရမှာပါ။
ဘယ်သူကတော့ Perform လုပ်နေတာ ဘယ်သူကတော့ Characterization ဖြစ်တယ်ဆိုတာမျိုးကို ကြည့်ရှုသူအနေနဲ့ ဒီလောက်ဆိုရင်တော့ အကြမ်းဖျင်းလောက် ခွဲခြားနိုင်ပြီလို့ ယူဆတာမို့ မိတင်စိန် နဲ့တိမ်ပန်းချီဇာတ်ကားကို အလွယ်တကူလေ့လာကြည့်နိုင်ပါတယ်။ မင်မင်ကတော့ လိုင်းပေါ်မှာ တက်လာတဲ့ အတိုလေးတွေကိုကြည့်ပြီး ဘယ်သူကတော့ အပြင်လောကထက်ပိုတဲ့ သဘင်ဆန်ဆန် Perform လုပ်နေတာ၊ ဘယ်သူကတော့ တကယ့်အပြင်လောကလိုပဲ Characterization ဝင်နေတာ ဆိုတာကို ခွဲခြားပြီးပါပြီ။
ပရိတ်သတ်အနေနဲ့ ခွဲခြားတာဖြစ်ပါတယ်။ ပညာရှင်အနေနဲ့ရေးခြင်းမဟုတ်လို့ လိုအပ်တာရှိရင် ထောက်ပြပေးခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။