မြန်မာရုပ်ရှင်ထဲမှာ မင်းသမီးက စိန်ဆိုင်ပိုင်ရှင်အဖြစ်သရုပ်ဆောင်ရမယ်ဆိုရင် စိန်ဆိုင်ကိုစပွန်စာတောင်းပြီး စိန်ဆိုင်နာမည်ပြူးနေအောင်ထည့်၊ ဇာတ်ဝင်ခန်းတွေမှာ စိန်တွေအကြောင်းရှင်းပြပြီး တိုက်ရိုက်ကြော်ငြာကြတဲ့ ခေတ် ဟိုးနောက်မှ ကျန်ခဲ့ပါပြီ။
အခုနောက်ပိုင်း မြန်မာဇာတ်လမ်းတွဲတွေမှာ ကြော်ငြာပါးပါးလေးတွေမသိမသာ ထည့်ထားပြီး ပရိတ်သတ်ကို ရင်ထဲမှာကျန်အောင်၊ အမှတ်တမဲ့မြင်ကွင်းကနေ အမှတ်တရဖြစ်အောင် လုပ်နိုင်တဲ့ content creation လေးတွေရှိလာပါပြီ။
film industry မှာ Content creation လေးတွေလုပ်ပြီး မာကတ်တင်းကမ်ပိန်း (marketing campaign) လုပ်လာ တာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပါပြီ။ ကမ္ဘာကျော် ဟောလီးဝုဒ်ရုပ်ရှင်တွေအကြောင်းတော့မပြောတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ Content creation အိုင်ဒီယာလေးတွေအကြောင်းပဲ ပြောကြည့်ကြရအောင်။ ဉပါယ်တံမျဉ်ထဲက Ooredoo ကြော်ငြာ
ဇာဏ်ခီတို့ရဲ့ရုပ်ရှင် ဉပါယ်တံမျဉ်ထဲမှာဆိုရင် အမ်မလီနေရာသရုပ်ဆောင်တဲ့ ထိုင်းမင်းသမီးမဆုံးခင်ဈေး ဝယ်ပြီးထွက်လာတဲ့အခန်းမှာ ဆိုင်နောက်ခံက Ooredoo ကြော်ငြာအပြည့်ကြီးကို ပေါ်ပေါ်ထင်ထင်ထည့် ထားပါတယ်။ ဒါဟာ အမှတ်တမဲ့ပုံစံနဲ့ ပရိတ်သတ်ရင်ထဲကို ထင်းခနဲပေါ်လွင်အောင်ဖန်တီးထားတဲ့ Creation တစ်ခုလို့မြင်ပါတယ်။ စုံထောက်ကြီးကလူဆိုးကိုလိုက်တဲ့အခန်းမှာဆိုရင်လည်း Ooredoo ကြော်ငြာတံဆိပ်အပြည့်ကပ်ထားတဲ့ကားတစ်စီးကို ကင်မရာမြင်ကွင်းလမ်းကြောင်းမှာ မသိမသာလေးပေါ်လွင်အောင်ထည့်ထားတာက ကြည့်သူတွေရဲ့ အမြင်ကိုကြော်ငြာနေမှန်းမသိဘဲစွဲကျန် နေစေခဲ့တာပါ။
Canal Plus ရုပ်သံလိုင်းကလာတဲ့ ရမ္မတိမ်တောင် ဆိုတဲ့ဇာတ်လမ်းတွဲကိုကြည့်ဖူးရင် Unique ကွန်ပျုတာဆိုင် ဘယ်အခန်းမှာပါသလဲဆိုတာကို ဘွင်းခနဲမြင်မိမှာပါ။ ဇာတ်လမ်းရဲ့ Tempo အမြင့်ဆုံး အပိုင်းတစ်ခုမှာ မင်းသမီးက ဖုန်းပျောက်လို့ဖုန်းကတ်ပြန်လျှောက်တဲ့ဇာတ်ဝင်ခန်းကို Unique ကွန်ပျု တာဆိုင်၊ ဝန်ထမ်းယူနီဖောင်းတွေနဲ့ သေသေသပ်သပ်လေးရိုက်ပြရင်း ပရိတ်သတ်ရင်ကိုစွဲထင်ကျန်စေခဲ့ ပါတယ်။ (ကြော်ငြာတာတကယ်ဟုတ်မဟုတ်မသိပါဘူး။ ဒါစာရေးသူရဲ့အမြင်ဖြစ်ပါတယ်။)
မင်းသမီးသက်မွန်မြင့်က ဆိုင်ကယ်ကိုမနိုင်မနင်းစီးပြီး လက်ဖက်ရည်ဆိုင်ကိုဝင်တိုက်တဲ့အခန်းဆိုရင် ကျောက်သင်ပုန်းတွေမိုးတဲ့အိမ် ရုပ်ရှင်ဇာတ်ကားမှန်းတော်တော်များများသိကြပါတယ်။ အဲဒီဇာတ်ဝင် ခန်းနဲ့အတူ ဇာတ်ကားရဲ့အခန်းတော်တော်များများရိုက်ကွင်းတည်ရာဖြစ်တဲ့ လက်ဖက်ရည်ဆိုင်မှာ ကြော်ငြာတွေပေါ်ပေါ်ထင်ထင်ထည့်ထားတာတွေ့ရပါတယ်။ စူပါကော်ဖီမစ်ဆိုင်းဘုတ်၊ စူပါကော်ဖီမစ် သောက်နေကြတဲ့ ရုပ်ရှင်ဇာတ်ကောင်တွေပေါ့။ အကြောင်းဆီလျော်တိုက်ဆိုင်ရင်တော့ အဲဒီလို Content Creation လေးတွေကို မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာ အသုံးများတာတွေ့ရပါတယ်။
ဖုန်း brand တစ်ချို့ကတော့ ကြော်ငြာ Content ကို အထူးတလည်လုပ်မနေကြတော့ပါဘူး။ မင်းသမီးတွေကို brand ambassador နဲ့ နှစ်ချုပ်ခန့်လိုက်တယ်။ ပြီးရင် ရုပ်ရှင်ဘယ်နှစ်ကား၊ ဇာတ်လမ်း တွဲဘယ်နှစ်ကားမှာ အဲဒီဖုန်းကို ပရိတ်သတ်အမြင်မှာသိသာအောင်ကိုင်ပေးရမယ်ဆိုပြီး ကမ်ပိန်းလုပ်တာ တွေလည်းရှိပါတယ်။ ဇာတ်လမ်းတစ်ချို့မှာ နာမည်ကြီးမင်းသမီးတွေကိုင်တဲ့ဖုန်း brand တွေကို သတိထားမိရင် အဲဒီဖုန်းရဲ့ brand ambassador ဟာ အဲဒီမင်းသမီးဖြစ်နေတာတွေ့ရတတ်ပါတယ်။
Now & Ever ရုပ်ရှင်ကြည့်ပြီးသွားရင် လုပ်ချင်တဲ့ရည်ရွယ်ချက်တစ်ခုကတော့ လူတော်တော်များများ တူနေတတ်ပါတယ်။ အဲဒါကတော့ ရုပ်ရှင်ထဲမှာပါတဲ့ (ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့သွားတဲ့) မလိခလောင့်ချ် ဟိုတယ်မှာသွားတည်ဖို့ bucket list ထဲ ထည့်လိုက်ကြတာပါပဲ။ ဒါဟာ တိုက်ရိုက်မဟုတ်တဲ့ KOL ကြော်ငြာ Content ကောင်းလို့ပါ။
BL Series တွေကြည့်တယ်ဆိုရင် မြန်မာ BL ဇာတ်ကား Began Beginning ထဲက ဇာတ်ဝင်ခန်းလေး တွေဆီသွားကြည့်ရအောင်။ တစ်ချို့အခန်းတွေမှာ ဇာတ်ကောင်တွေဟာ ငုံဆေးသကြားလုံးလေးတွေစားပြနေတတ်တာသတိထားမိပါရဲ့လား။ ဒါဟာ မာကတ်တင်းကမ်ပိန်းထဲ က Content ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။
ဒါကတော့ ကြော်ငြာအကြောင်းမဟုတ်ပါဘူး။ မကြော်ငြာတဲ့အကြောင်းပါ။ မီးခြစ်ဆံပုံပြင်ဇာတ်လမ်းတွဲမှာ “နေမင်းသစ်” ဟာ စိတ်ညစ်ပြီး ဘီယာသောက်တဲ့အခန်းလေးတွေ ပါပါတယ်။ ဒါပေမဲ့ ဘီယာအမှတ်တံဆိပ်ကိုမပြပါဘူး။ ဒါဟာ ကြော်ငြာမဟုတ်လို့ပါ။ တကယ်လို့သာ ဘီယာသို့မဟုတ်အချိုရည်ကြော်ငြာတစ်ခုခုသာထည့်ဖြစ်ခဲ့မယ်ဆိုရင် နေမင်းသစ်သောက်တဲ့အရာဟာ အဲဒီအမှတ်တံဆိပ်သာဖြစ်ပါလိမ့်မယ်။
လူကြီးမင်းတို့ရော…ဘယ်ဇာတ်လမ်းထဲက ဘယ်ကြော်ငြာကို သတိထားမိပါသလဲ။ ဘယ်လို Content creation ကို နှစ်သက်ပါသလဲ။